ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် စာစစ်မှူးချုပ်များအား တွေ့ဆုံ
ပုသိမ် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် စာစစ်မှူးချုပ်များ အား တွေ့ဆုံခဲ့ပြီး ဘာသာရပ်အလိုက် အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်ချက် အားနည်းသည့် ဘာသာရပ်များတွင် အောင်မှတ်ရရှိ စေရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်တို့မှ ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ ဂုဏ်ထူးရှင်များ ပိုမိုထွက်ပေါ် လာစေရေးအတွက် တာဝန်ရှိသူများ ပူးပေါင်း၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဘာသာရပ်အလိုက် စာစစ်မှူးချုပ်များ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် လူမှုရေးရာဝန်ကြီးတို့က တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချသွားမည့် အစီအစဉ်များ၊ ရေဘေးသင့် ဒေသများမှ Grade-12 ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့် ဆောင်ရွက်သွားမည့် အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။