ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် ပုသိမ်မြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတက်ရောက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့်အတွက် မြို့ဝင်မုခ်ဦးအား မြို့၏အမှတ်သညာ၊ မြို့၏ဂုဏ်သိက္ခာနှင့် လိုက်ဖက်ညီပြီး အများပြည်သူများနှင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိစေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုသိမ်မြို့၌ မြို့အဝင်မုခ်ဦးအပြင် ရွှေရုပ်တုအဝိုင်းနှင့် မြို့တော်ခန်းမကိုလည်း ခေတ်စနစ်နှင့်ကိုက်ညီစေရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန် အတွက်လည်း လျာထားလျက်ရှိပါကြောင်း၊ မြို့ဝင်မုခ်ဦးနှင့်အတူ ပတ်ဝန်းကျင် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်များနှင့် မြက်ခင်းများ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်း” မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့် ပတ်သက်၍ မုခ်ဦးဒီဇိုင်းနှင့်တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ မုခ်ဦးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

18-Sep-2026