ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေများကိုကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီ မြစ်ရေတိုက်စား မှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ချောင်းဖျားကျေးရွာ ညောင်တုန်းကျွန်းတာ ကမ်းပါးရေတိုက်စား၍ တာအိပဲ့ကျမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများက ကမ်းပါးရှေ့ ရေထဲပိုင်း Floating unit နှင့် သဲအိတ်ဆွဲ သစ်ကိုင်းများ ချထားခြင်း၊ Steel Cable (၁)ချောင်း ချထားဆောင်ရွက်ခြင်း၊ BD သောင်တူး ရေယာဉ်ဖြင့် သဲသောင်တူးဖော် ဆောင်ရွက်ခြင်း၊ ယာယီပန်းတာ အမြင့်မှတ် ၂၂ပေ နှင့် အလျား ၆၀၀ ပေ တည်ဆောက် ခြင်း ဆောင်ရွက်မည့်အခြေအနေများ၊ တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်းလုပ်ငန်း အလျား ၂၅၀ပေအား အမြင့်မှတ် ၂၀ ပေဖြင့် တာခြေထောက် ပြုလုပ် သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားခဲ့သည်။