ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေများကို ကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီး ဌာနနှင့် ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အရေးပေါ်ယာယီ ကာကွယ်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ Floating Structure တည်ဆောက်ခြင်းလုပ်ငန်း (ဝါးကိုင်းထည့်ခြင်း)၊ Steel Cable Groyne သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်း၊ မြစ်ကမ်း ထိန်းလုပ်ငန်းဖြစ်သည့် Porcupine (ရေစီးနှုန်းလျော့ကျစေပြီး ရေထဲတွင်ပါလာသော နုန်းမြေ (Sediment)များ စုပုံလာအောင်ပြုလုပ်သည့်လုပ်ငန်း) ချထားခြင်းလုပ်ငန်းများနှင့် တာခြေ တုတ်တန်းရိုက် သဲအိတ်ဆင့်ခြင်း၊ တာခြေထောက်သဲအိတ်ဆင့်ခြင်းနှင့် ယာယီပန်းတာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ တစ်ဘက်ကမ်းရှိသဲသောင်အား BD သောင်တူးရေယာဉ်ဖြင့် ရေလမ်းသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာ၏ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှု ရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ရေစီးကြောင်းအခြေအနေ၊ ရေစီးနှုန်းနှင့် ကမ်းပါးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည့်နေရာများတွင် အချိန်မီ ကြိုတင်ပြင်ဆင်ကာကွယ် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မြစ်ကမ်းရေတိုက်စားသည့်နေရာများတွင် ယာယီပန်းတာ တည်ဆောက်ခြင်း စုစုပေါင်း အလျား ၂၄၅၀ ပေ၊ သဲအိတ်ဖြင့်တာခြေထောက်ခြင်း အလျား ၅၉၀၀ ပေ၊ တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်းအလျား ၁၂၀၀ ပေ၊ တုတ်တန်းအား slope တာခြေထောက်ခြင်း ၁၂၀၀ ပေ၊ Geotextile အုပ်ခြင်း ၁၆၀၀ပေ၊ ရေလမ်းသောင်တူးခြင်းလုပ်ငန်း (၉,၃၂၀)ကုဗမီတာ၊ Floating Structure တည်ဆောက်ခြင်းလုပ်ငန်း(ဝါးကိုင်းထည့်ခြင်း) (၁၀၀၀)ပေ၊ Steel Cable Groyne (သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်း) အလျား (၁၀၀)ပေ (၁၀)ချောင်းဖြင့် ဆောင်ရွက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် Porcupine (ရေစီးနှုန်းလျော့ကျစေပြီး ရေထဲတွင်ပါလာသောနုန်းမြေ (Sediment)များ စုပုံလာအောင် ပြုလုပ်သည့်လုပ်ငန်း) ချထားခြင်း (၇၃၈)ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး မြစ်ကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများအား စက်အင်အား၊ လူအင်အားအသုံးပြု၍ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

16-Sep-2026