တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် စက်တင်ဘာ ၁၅

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အောင်နိုင်ရေးအလံပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက တစ်ဦး ချင်းမိတ်ဆက်ခဲ့ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များ အား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး အသင်းကို တာဝန်ယူကြမည့် အုပ်ချုပ်သူများနှင့် နည်းပြများကလည်း မိမိအားကစားသမားများ တိုးတက်မှု ရှိအောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ အနေဖြင့်လည်းနည်းပြများ၏ သင်ကြားပေးသည့်နည်းစနစ်တွေကို ကောင်းမွန်စွာ အသုံးချပြီး ကြိုးစားယှဉ်ပြိုင်ကြရန် မှာကြားလို ပါကြောင်း၊ အားကစားသမားအချင်းချင်းလည်း ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ အကောင်းဆုံး ယှဉ်ပြိုင် ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲများတွင် ပြိုင်လျှင်နိုင်ရမည် ဟူသောစိတ်ဓာတ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင်၍ အောင်မြင်မှုများရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြရန်” မှာကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

15-Sep-2026