ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှု ဖြစ်ပေါ် ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ ကာကွယ်နိုင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ ရေဝင်ပေါက်တစ်လျောက် ကြမ်းပြင်မြင့်တက်စေရန် Geo Bag/Geo Tube များကို စက်ရေယာဉ် ဖြင့်ချခြင်း၊ Sheet Pile ရိုက်ပြီးသည့်အပိုင်းအား ခိုင်ခန့်မှုမြှင့်တင်ရန် မြစ်ဘက်ခြမ်းနှင့် ကုန်းဘက် ခြမ်းတို့တွင် ကရိန်းဖြင့် Geo Bag, Jumbo Bag, GeoTube, ကျောက်ခြင်းချခြင်း၊ သဲအိတ်တွဲများ ချခြင်း၊ ကမ်းရင်းတာနှင့် Sheet Pile ကြားတွင် သဲမှုတ်ဖြည့်ခြင်းလုပ်ငန်း၊ Sheet Pile ၏ ထောက်တန်းနှင့် ထောက်တိုင်များဆောင်ရွက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်လမ်း ကြောင်း ပိတ်ဆို့ကာကွယ်နိုင်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

13-Sep-2026