ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ရေပြန်လည်ကျဆင်းသဖြင့် ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များ၊ ဒေသခံပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်း ရပ်ကွက်၊ သူရလွင်လမ်း၌ ရေပြန်လည်ကျဆင်း၍ နေအိမ်များသို့ ပြန်လည်နေထိုင်ကြသော ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ငါးသိုင်းချောင်းမြို့အတွင်း ရေပြန်လည်ကျဆင်းပြီဖြစ်သဖြင့် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်လျက်ရှိသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။