ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
ပုသိမ် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဖြစ်ပွားခဲ့သည့်ဒေသများ၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စု၊ စက်ပိုင်းကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေသန့်ဆေး ကလိုရင်းခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဒေသခံပြည်သူများ လျှပ်စစ် ဓာတ်အားပြန်လည်ရရှိ သုံးစွဲနိုင်ရေးအတွက် လေးမျက်နှာမြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ထရန်စဖော်များ စစ်ဆေးပြုပြင် ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးနောက် ခမောက်စုကျေးရွာအုပ်စု၊ အချုပ်ကလေးကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်းသို့ သွားရောက်ကာ ရေပြန်လည် ကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားနေမှုအခြေအနေကိုများ ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။