အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ပဲများ ထောက်ပံ့ပေးအပ်

ပုသိမ် စက်တင်ဘာ ၉

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့် ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ မြတ်ဓမ္မရောင်ခြည် သာသနာ့ ဗိမာန်တော်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာနှင့် ဆီ၊ ပဲများထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်သူများအနေဖြင့် မိမိတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည် နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု ကလည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးအဖွဲ့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင် ကြရန်လိုပါကြောင်း” အားပေးစကား ပြောကြားသည်။

ဆက်လက်၍ အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လေးမျက်နှာမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားများ ဆက်လက်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာနှင့် ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

09-Sep-2026