ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျောင်းကုန်းမြို့၊ အမှတ် (၁)ရပ်ကွက် ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ပုသိမ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့သို့ သွားရောက်၍ ကျောင်းကုန်းမြို့၊ အမှတ် (၁)ရပ်ကွက် ရတနာပုံရိပ်သာ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း တာပိတ်ဖို့ခြင်း လုပ်ငန်းမှာ ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြရန် ဖြစ်ပါကြောင်း” အားပေးစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက် ဝမ်းလျှော ရောဂါဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း လမ်းဘေးဝဲယာ ရေမြောင်းများနှင့် ဆားမလောက်- မအူပင်ကားလမ်း ဘေးဝဲယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဗေဒါများ၊ ခြုံနွယ်များ၊ မြက်ပင် များအား လူအင်အား၊ စက်အင်အားအသုံးပြု၍ ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကာ ရေမြောင်းများရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေကြသူများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။