ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Polytechnic University (မအူပင်)တွင်ပြုလုပ်သည့်၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Project Show (2026)ပြပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက Polytechnic University (မအူပင်) တွင် ကျင်းပပြုလုပ်သည့် (၂၀၂၅-၂၀၂၆)- (၂၀၂၆-၂၀၂၇) ပညာသင်နှစ်၊ Project Show (2026) ပြပွဲအခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စီးပွားရေးအတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည့်အတွက် မိမိတို့၏ နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရန် အထူးအရေးကြီး ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒေသ၏ လက်တွေ့လိုအပ်ချက်များကို လေ့လာ သုံးသပ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ MSME များ၊ စက်မှုလုပ်ငန်းများနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် အမှန်တကယ်အသုံးဝင်နိုင်မည့် နည်းပညာဆန်းသစ် တီထွင်မှုများကို ဆက်လက် ဖန်တီးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ ပြသထားသော Project များမှ အောင်မြင်သော စိတ်ကူးများနှင့် တီထွင်မှုများကို ဆက်လက် အဆင့်မြှင့်တင်၍ လက်တွေ့အသုံးချနိုင်သော ထုတ်ကုန် များနှင့် ဝန်ဆောင်မှုများအဖြစ် ဖွံ့ဖြိုးလာစေရန်လည်း မျှော်လင့်ပါကြောင်းနှင့် ထိုမှတစ်ဆင့် တက္ကသိုလ်များ၊ အစိုးရဌာနများ၊ စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည် ဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ Polytechnic University (မအူပင်)၊ ပါမောက္ခချုပ်က Project Show (2026)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်နှင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက သင်ယူလေ့လာခဲ့သည့် ပညာရပ်များကို အခြေခံ၍ ဆန်းသစ်တီထွင် ထားသော Engineering နှင့် Computing ဆိုင်ရာ Project စုစုပေါင်း (၁၁၄) ခု ပါဝင်ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး ဆုရရှိသည့် Project များအား ဆုများချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးချုပ်နှင့် စည်ပင်သာယာရေးဝန်ကြီးတို့က Polytechnic University (မအူပင်)အတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။