ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)သို့ရောက်ရှိ၍ ဩဂုတ်လ ၂၅ ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၏ တစ်ဆက်တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်သည် ကမ်းပြို၊ ကမ်းစားကာကွယ်ရေးလုပ်ငန်းများဖြစ်သော တာခြေထောက်ခြင်းလုပ်ငန်း အလျား ၃၅၀ ပေထပ်မံဆောင်ရွက်ခြင်း၊ ယခင်ဆောင်ရွက်ပြီးသော ယာယီပန်းတာအား ထပ်မံမြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ ရေစီးနှုန်းလျော့ကျစေပြီး ရေထဲတွင် ပါလာသောနုန်းမြေများ စုပုံလာအောင်ပြုလုပ်ခြင်းလုပ်ငန်းနှင့် သံမဏိကြိုးအသုံးပြု ရေစီးထိန်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် ထပ်မံ၍မြေအိပဲ့ကျမှု မဖြစ်ပေါ်စေရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်း များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ မြစ်ကမ်းပါးရေတိုက်စားမှု အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေး၍ အခြေအနေအလိုက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ယာယီပန်းဝာာတည်ဆောက်ရာတွင် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများ၏ ကွမ်းခြံများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။

31-Aug-2026