သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျမှုအပေါ် ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးအားပေး
ပုသိမ် ဩဂုတ် ၃၀
သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတနှင့် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်တို့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီး လမ်းကြောင်းပိတ်ဆို့ကာကွယ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ဦးစွာ သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်း လုပ်ငန်းနှင့် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ် နိုင်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ နည်းပညာ ကျွမ်းကျင်သူများ၊ ကျွမ်းကျင် လုပ်သားများ ပေါင်းစပ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile အား ကရိန်းနှင့် Electric Vibratory Pile Hammer အသုံးပြု၍လည်းကောင်း၊ လူအင်အားသုံး မျောတုတ်တန်း အပြင်ဘက်ရေဝင်စီးကြောင်းကာကွယ် တန်းအား ပိုမိုတောင့်တင်းစေရန် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့် ကာကွယ်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို အလှူငွေများလှူဒါန်း၍ သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီးက ပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။