ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှု အပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့် အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ် နိုင်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ နည်းပညာ ကျွမ်းကျင်သူများ၊ ကျွမ်းကျင် လုပ်သားများ ပေါင်းစပ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများအသုံးပြု၍ လည်းကောင်း၊ ပန်းတာ ရေဝင်လမ်း ပိတ်ဆို့ကာကွယ်မည့် Geo-bags ချသည့် ဒဂုန်စာမရီရေယာဉ်နှင့် မြဟန်တိုးသဲယာဉ်တို့ဖြင့်လည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ Geo-bags အား ရေယာဉ်အလယ်မှ ထိန်းချသည့် စက်ရေယာဉ်တွဲ အပါအဝင် ရေယာဉ်ငယ်တို့ဖြင့်လည်းကောင်း၊ သဲစက်လှေတွဲများဖြင့်လည်းကောင်း၊ လူအင်အားသုံး မျောတုတ်တန်း အပြင်ဘက်ရေဝင်စီးကြောင်းကာကွယ်တန်းအား ပိုမိုတောင့်တင်းစေရန် နိုင်လွန်ပိုက် ကြိုးဖြင့် စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင် များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် ဆိတ်နို့ကုန်းတာ ကွပ်ကဲရုံးသို့သွားရောက်၍ ရေဘေးသင့်ပြည်သူ များကို ထမင်းထုပ်များပေးဝေခဲ့သည်။

28-Aug-2026