ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဓနုဖြူမြို့မဈေးအား ခေတ်မီဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ

ပုသိမ် ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဓနုဖြူမြို့မဈေးအား ခေတ်မီဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ဓနုဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ၂၀၂၆ခုနှစ်၊ ဧပြီလ၂၆ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း(၃၅၀)ရှိသည့်အနက်မှ ဆိုင်ခန်း(၂၇၁)ခန်း မီးလောင်ကျွမ်းမှုနှင့် ဟောင်းနွမ်းအိုမင်း၍ မီးဘေးအန္တရာယ်ရှိသော ဆိုင်ခန်း(၇၉)ခန်း၊ စုစုပေါင်း(၃၅၀)ခန်းအား ခေတ်နှင့်လျော်ညီပြီး အမြင်တင့်တယ်သည့် မြို့မဈေးအသစ် ပြန်လည်ဆောက်လုပ်မည့် အစီအမံများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဓနုဖြူမြို့မဈေးအား ခေတ်မီဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရန်အတွက် နှစ်ထပ်ဈေးပုံအဖြစ်စဉ်းစား ဆောင်ရွက်သွားရန်လိုပါကြောင်း၊ အဝင်လမ်းများကိုလည်း စနစ်တကျရှိစေရေး ထည့်သွင်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ဈေးအပေါ်ထပ်တွင် မင်္ဂလာခန်းမနှင့် စားသောက်ဆိုင် ခန်းများထည့်သွင်းတည်ဆောက်ပါက ပိုမိုအဆင်ပြေစေမည်ဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ်မဖြစ်စေရန်အတွက် မီးသတ်ကန်၊ မီးဘေးလုံခြုံရေးစနစ်များ ထည့်သွင်းတည်ဆောက်ရန်လိုပါကြောင်း၊ အလင်းဝင်ရောက်မှုနှင့် လေဝင်လေထွက်ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်း၊ ဈေးအိမ်သာ၊ ရေဆိုးစွန့်ထုတ်စနစ်၊ အမှိုက်သိမ်းစနစ်များပါ စနစ်တကျဖြင့် ဆောင်ရွက်သွားရန် လိုပါကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

26-Aug-2026