ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မအူပင်မြို့သို့ရောက်ရှိပြီး မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် မအူပင်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘုရားလမ်း ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်း လုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာနမှ ပံတပွတ်လမ်း ဘေးဝဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှုများနှင့် ရေလဲလမ်းဆုံရှိ မအူပင်မြို့၏ အဓိကရေထွက် ပေါက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။