ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ပုသိမ် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာသို့ သွားရောက်၍ မှော်ထူကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့က အားပေးစကားများပြောကြားခဲ့သည်။ ယင်းနောက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ၊ ဣစ္ဆာသယကျောင်းတိုက်သို့ ရောက်ရှိ၍ ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ စုဆောင်းထားရှိမှု၊ ရေရှောင်စခန်းများနှင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးမှုအခြေအနေများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးခန်းဖွင့်လှစ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။