ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ပုသိမ် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာသို့သွားရောက်၍ ရတနာသီရိပုညကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများ အနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်းထားရှိ ပြီးဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အားပေးစကားပြောကြားပြီး ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး၊ အစာအဆိပ်သင့်မှုမဖြစ်စေရေး၊ မြွေအန္တရာယ်ကာကွယ်ရေးနှင့် တုတ်ကွေးကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးမည့်အစီအစဉ်များကို အသိပညာပေးဟောပြောပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။