ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ပုသိမ် ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများနှင့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် ကုမ္မဏီများ၊ ချောင်းသာဟိုတယ်ဇုန်မှ အလှူရှင်များနှင့် စေတနာရှင်အလှူရှင်များက လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံခဲ့ပါသည်။

ဦးစွာရွှေမဟာစံကုမ္ပဏီလီမိတက်(HM-25ပြောင်းမျိုးစေ့) က ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ကဉ္စနကျွန်းသာကုမ္ပဏီ လီမိတက်(Gold Delta Co., Ltd)က အလှူငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ Than Thar ထရေးဒင်း ကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားအုန်းဆီ ၅၀ ကျပ်သားဘူး ၅၀၀၀ ကိုလည်းကောင်း၊ ချောင်းသာဟိုတယ်ဇုန်မှ အလှူရှင်များက ငွေကျပ် ၁၈၂ သိန်း ၅ သောင်း တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် အလှူငွေကျပ် ၁၂၆ သိန်းကိုလည်းကောင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ရွှေစပါးမြန်မာကုမ္ပဏီလီမိတက် အဆင့်မြင့် တန် ၃‌၀၀ ပေါင်းဆန်စက်က မီးစက် ၁ လုံးလျှင် ငွေကျပ် ၃၆ သိန်းတန်ဖိုးရှိ မီးစက် ၃ လုံးကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

24-Aug-2026