ပုသိမ်မြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ပုသိမ် ဩဂုတ် ၂၄

ဧရာဝတီတိုင်း‌ဒေသကြီး (၂၀၂၆)ခုနှစ် အာဟာရဖွံ့ဖြိုး ရေးရက်သတ္တပတ် များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် ဗွီဒီယိုအား ပြသခဲ့ပါသည်။ ထို့နောက် တိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သက်သက်ဆွေ၊ ဥက္ကဌ ဒေါ်မိုးသူတင့်တို့က စံပြမိခင်ဆုရရှိသည့် မိခင်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။ ပြီးနောက် အသက်(၅)နှစ်အောက်ကလေးများအား အသက်အရွယ်အလိုက်အင်အားပြည့် ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးဝါးတိုက်ကျွေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ပြခန်းငယ်များအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။

ဆက်လက်ပြီး အမှတ်(၁၁) အခြခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ကိုကြည့်ရှု အားပေးခဲ့ပါသည်။ ထို့နောက် အမှတ်(၁) အခြခံပညာအထက်တန်းကျောင်း ရတနာ့တန်ဆောင် ခန်းမ၌ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားမှုများကို ကြည့်ရှုအားပေးပြီး တိုင်း‌‌ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ပြီးနောက်အလယ်တန်း၊အထက်တန်းကျောင်းသား၊ကျောင်းသူများအား သံချဆေးမျာတိုက်ကျွေးခြင်းနှင့် အပျိုဖော်ဝင်အလယ်တန်း နှင့် အထက်တန်း ကျောင်းသူများအား သံဓာတ် အားဆေးများတိုက်ကျွေးကာ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပုသိမ်မြို့မဈေးသို့ ရောက်ရှိပြီး ဈေးဆိုင်များတွင် ရောင်းချနေသော ဆားများတွင် အိုင်အိုဒင်းဓာတ်ပါဝင်မှုကို စစ်ဆေးပေးပြီး အသိပညာပေး လုပ်ငန်းများ ‌ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

24-Aug-2026