ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက် အင်းဝကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက်ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လေးမျက်နှာ မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှု ကူညီရေးအသင်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက လိုအပ်သည့် ကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေပြန်လည်ကျဆင်း ပါက ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် လည်း မျိုး၊ သွင်းအားစုများနှင့် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးတို့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အားပေးစကား‌ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက် ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

22-Aug-2026