ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
၂၀၂၆ ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ငဝန်တာသို့ရောက်ရှိ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် မျောတုတ်တန်းအပြင်ဘက်ခြမ်းတွင် ပိုမိုတောင့်တင်းစေရန် လူအင်အား သုံး၍ နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့်ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ငဝန်တာနိမ့်ကျမှုအပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများအပါအဝင် Stand Pipe အား ကရိန်းအသုံးပြု၍ လည်းကောင်း၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ကာကွယ်မည့် Geo-bags ချသည့် ဒဂုန်စာမရီ ရေယာဉ်နှင့် မြဟန်တိုး သဲယာဉ်တို့ဖြင့်လည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ Geo-bags အား ရေယာဉ်အလယ်မှ ထိန်းချသည့် စက်ရေယာဉ်တွဲအပါအဝင် ရေယာဉ်ငယ်၊ သဲစက်လှေတွဲများဖြင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရေစီးဝင်လမ်းကြောင်း၏ ရေစီးနှုန်းပေါ်မူတည်၍ လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရေဝင်လမ်းပိတ်လုပ်ငန်းနှင့်ပူးတွဲ ဆောင်ရွက်နိုင်ရန် ကျောက်ကြီးများအား ကြိုတင်စုဆောင်း၍ Barge တွဲဖြင့် လုပ်ငန်းခွင်သို့ စီစဉ်သယ်ယူလျက်ရှိသည့်အခြေအနေများနှင့် လိုအပ်သည့်ပစ္စည်းများအား ရေကျချိန်နှင့် ရေဝင်လမ်း ပိတ်လုပ်ငန်းတွင် အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ကြိုတင်စုဆောင်းလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။