ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပုသိမ်တက္ကသိုလ်သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှုများကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

22-Aug-2026