ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့် ကျုံပျော်မြို့၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ထောက်ပံ့မှုများဆောင်ရွက်

၂၀၂၆ ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်သည် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်က ကျုံပျော်မြို့၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက် ပြည်သူ့အားကစားခန်းမတွင် ရေဘေးကြောင့် ပြောင်းရွေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု(၆၀)စုမှ လူဦးရေ(၂၀၂) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး‌နေသည့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး၊ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ ကျန်းမာရေးဂရုပြုကြရန်၊ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် အားပေးနှစ်သိမ့်စကားများ ပြောကြားပြီး ရေဘေးသင့်ပြည်သူများထံသို့ ဆန်၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးသည် ကျုံပျော်မြို့ရပ်ကွက်များအတွင်း ဒါးကချောင်းရေဝင်ရောက်မှု အခြေအနေအား ကြည်ရှုပြီး၊ တာဝန်ရှိသူများနှင့် ရေဘေးကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများအား ဆွေးနွေးခဲ့သည်။ ယင်းနောက် သောင်ရွာကျေးရွာအုပ်စု၊ သောင်ရွာကျေးရွာတွင် ဖွင့်လှစ်ထားရှိသည့် Check Point မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အလှူရှင်များလာရောက်လှူဒါန်းသည့် အခြေအနေများ၊ ကျေးရွာများသို့ ဆက်လက်ပို့ဆောင်လှူဒါန်းပေးမှု အခြေအနေများအား မေးမြန်းကာ ကြို့သစ်ကုန်းကျေးရွာရှိ နတ်ကန်တံတား၌ ရေစီးဆင်းမှုအခြေအနေနှင့် ရေဝင်ရောက်နိုင်သည့် လမ်းကြောင်းများအား ကြည့်ရှု၍ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

21-Aug-2026