ရေကြည်မြို့နယ်အတွင်းရှိ ရေးဘေးသင့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု၍ စားသောက်ကုန်ပစ္စည်းများထောက်ပံ့

၂၀၂၆ ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော် စီးဝင်သဖြင့်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအားဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု၍ စားသောက်ကုန်ပစ္စည်းများထောက်ပံ့လှူဒါန်းခြင်းကိုယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွှန့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးတို့က စက်လှေဖြင့် မယင်းကူးကျေးရွာအုပ်စု၊ School Cum Shelter (ကြံလဟာ) သို့ရောက်ရှိခဲ့ပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ခေါက်ဆွဲခြောက်၊ မုန့် များထောက်ပံ့ခြင်း၊ မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်မှန်ကုန်း ကျေးရွာရှိငါးသိုင်းချောင်း - အိုင်သပြု - လေးမျက်နှာ လမ်းဘေး ဝဲ/ယာရှိ ယာယီတဲတွင် နေထိုင်သည့် ရေဘေးသင့် ပြည်သူများအား စွမ်းအားမြင့် မီးဖို (၁၄) လုံး ထောက်ပံ့ပေးအပ်ခြင်း၊ ဇရပ်လှကျေးရွာအုပ်စု၊ ဇရပ်လှတိုက်နယ်ဆေးရုံ သို့ရောက်ရှိ၍ ဆေးကုသမှုခံယူသည့် လူနာများအား အလှူငွေများ ထောက်ပံပေးအပ်ကာ လူနာများအား အားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအတွင်း ရေဝင်ရောက်နေမှုအား လှည့်လည်ကြည့်ရှုခြင်း၊ ဇရပ်လှ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ မုန့်များ ထောက်ပံ့ပေးအပ်ခြင်း၊ ဇရပ်လှဘုန်းတော်ကြီးရှိ ကျောင်းထိုင်ဆရာတော်အား ဝတ္တူငွေလှူဒါန်းခြင်း၊ ဇရပ်လှအခြေခံအထက်တန်းကျောင်းသို့ သွားရောက်၍ ယာယီဆေးရုံ ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

21-Aug-2026