ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ဘိုကလေးမြို့နယ်၏ စည်ပင်သာယာရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ဩဂုတ်(၁၉)ရက် ညနေ (၅)နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရောက်ရှိလာခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့်အတူ ဘိုကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး ဝန်ကြီးက ဝန်ထမ်းများအား မြို့နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။
ထို့နောက် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးက ဘိုကလေးမြို့၊ အမှတ်(၁၈)လမ်းမ၊ ဘိုကလေး-စက်ဆန်း လမ်းဆုံတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် “ WELCOME TO BOGALAY” ဆိုင်းဘုတ်နှင့် မြို့နယ်တွင်း ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ကြောင်း သိရသည်။