နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ မအူပင်မြို့၌ ၂၀၂၆ခုနှစ်၊ မိုးရာသီ တစ်ရွာ (၂)ဧက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၆ ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော် သမ္မတ၏ ခရီးစဉ်ညွှန်ကြားချက်များနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ သစ်တောဖုံးလွှမ်းမှုဧရိယာတိုးပွားလာ‌စေရန်နှင့် သစ်တော၊ သစ်ပင် တန်ဖိုးများအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ တစ်ရွာ (၂)ဧက သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၈) နာရီ (၃၀)မိနစ်က ညောင်ဝိုင်းကျေးရွာအုပ်စုရှိ မအူပင်စက်မှုဇုံဝန်း အတွင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးမောင်မောင်ဦးနှင့်တကွ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးထူးကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ဦးကျော်မင်းစိုး၊ မအူပင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နီစိုး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကိုကိုဝင်း၊ ဗိုလ်မှူးဇော်သူရနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်ညွန့်တို့မှ တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် မအူပင်စက်မှုဇုံတာဝန်ရှိသူများအား ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ခရေ၊ မဟော်ဂနီ၊ စိန်ပန်း ပျိုးပင်များပေးအပ် ခဲ့ပြီး တိုင်းစည်ပင်သာယာရေးဝန်ကြီးမှဦးဆောင်၍ သတ်မှတ်နေရာ အလိုက် တစ်ဧကလျှင် (၃၀၀)ပင်ဖြင့်စုစုပေါင်း (၂)ဧက (၆၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

20-Aug-2026