ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ဒေးဒရဲမြို့နယ် သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
၂၀၂၆ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းနေမှုများနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ ရေစီး၊ ရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းနေမှုနှင့် ရွှေဒေးကန်သာ ပန်းဥယျာဥ်နှင့် ကလေးကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ MSMEလုပ်ငန်းများဖြစ်သည့် ငှက်သိုက်ထုတ်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်သန့်ရှင်းသာယာရေးလုပ်ငန်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် ကျန်းမာရေးနှင့် ညီညတ်သည့် စားသောက်ကုန်များ စနစ်တကျရောင်းချနိုင်စေရေး ကြတ်မတ်စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။