ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟင်္သာတမြို့နယ်၊ စိုင်ပြွန်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ စိုင်ပြွန်ကျေးရွာသို့ ရောက်ရှိ၍ ရေကြည်ကုန်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်သူများ၏ အသက်အိုးအိမ်နှင့် စားဝတ်နေရေး အဆင်ပြေစေရေးအတွက် လိုအပ်သည့် အကူအညီ များကို ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်သောကြောင့် အားမငယ်ဘဲ မိမိတို့၏ နေ့စဉ်လူမှုဘဝ များကို အမြန်ဆုံးပြန်လည်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက စိုက်ပျိုး သီးနှံများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော စက်ယန္တရားများနှင့် သွင်းအားစု များကို အသင့်စုဖွဲ့ပြင်ဆင်ထားရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရေလမ်းခရီးဖြင့်သွားလာခြင်းများကို ဂရုပြုသွားလာကြရန်လိုပါကြောင်း၊ ကြုံတွေ့ရသည့်အခက်အခဲ့မျာကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်ဖြတ်ကြရမည်ဖြစ်ပါကြောင်း” အားပေးပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားများနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများနှင့် ရေကြည်ကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကို ယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးတို့က ဆန်ရိက္ခာများကိုလည်းကောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဘေးရှောင် မိသားစုများမှ ကျောင်းသား၊ ကျောင်းသူများနှင့် စိုင်ပြွန်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများအား ရေကြည်ကုန်းကျောင်း တိုက်တွင် စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။