ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ထိန်ကုန်းကျော်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေး သင့်ခဲ့ရသည့် ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ အားပေးစကားများ ပြောကြားပြီး ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ထိန်ကုန်းကျော်ကျေးရွာ၊ ထိန်ကုန်းကျော်ကျောင်းတိုက်၊ မြင့်မိုရ်တောင်ဦးကျောင်းဆောင်တွင် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကလည်း လိုအပ်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ပိုင်း၊ ညပိုင်းဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရင်ဆိုင် နေရသည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်း အတူတကွ ကျော်ဖြတ် နိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ရပ်ရွာလုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့က အားပေးစကားများကိုလည်းကောင်း၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးမှုအခြေအနေများကိုရှင်းလင်းပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ထမင်းဗူးများပေးဝေခဲ့သည်။

19-Aug-2026