ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ သရက်ကန်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ်၊ သရက်ကန်ကျေးရွာသို့ ရောက်ရှိပြီး သရက်ကန်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ “လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ရေဝင်လမ်း ကြောင်း ပိတ်ဆို့နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ပိုင်း၊ ညပိုင်းဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရင်ဆိုင်နေရ သည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်း အတူတကွ ကျော်ဖြတ် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အကူအညီများကို ဆက်လက်ပံ့ပိုး ပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ရပ်ရွာလုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြွေအန္တရာယ်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

18-Aug-2026