ပန်းတနော်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စု ၅၆ စုအား ကယ်ဆယ်ရေးထောက်ပံ့ငွေများပေးအပ်

ပန်းတနော်၊ ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အထက်ကဇင်းတောကျေးရွာများ၌ ဩဂုတ်လ ၁၅ ရက်နေ့က ဧရာဝတီမြစ်ရေ ကြီးမြင့်တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ ဩဂုတ်လ ၁၇ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး က ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ (၅၆) လုံး၊ အိမ်ထောင်စု (၅၆) စုမှ လူဦးရေ (၂၅၁) ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ပြောင်းရွှေ့စရိတ် ငွေကျပ် (၅,၆၀၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုး ရန်ပုံငွေကျပ် (၁,၂၅၅,၀၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၆,၈၅၅,၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး နှင့် မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင် တို့က ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀၀) အားလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင် က ရေသန့်ဆေးပြားများကိုလည်းကောင်း ဘေးသင့်ပြည်သူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

17-Aug-2026