ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ပုသိမ် ဩဂုတ် ၁၆
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ နှင့်အတူ သွားရောက်၍ အားပေးစကားများပြောကြားပြီး ဆန်ရိက္ခာနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အိုင်သပြု ကျေးရွာအုပ်စု၊ ကွင်းမကျေးရွာသို့ ရောက်ရှိ၍ ကွင်းမကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြာ်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်က“ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ကယ်ဆယ်ရေးနှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်လျက်ရှိပါကြောင်း၊ ရေပြန်ကျပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားပါကြောင်း၊ တာနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာပိတ်ဖို့ခြင်းလုပ်ငန်းပြီးစီးပါက ကျန်ရှိသည့်ရေများ အမြန်ဆုံး ပြန်လည်ကျဆင်းရေး အတွက် ရေဆင်းလမ်းကြောင်းများရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရင်ဆိုင်နေရသည့်အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်း အတူတကွကျော်ဖြတ်နိုင်မည် ဟုယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အကူအညီ များကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အားပေးစကား ပြောကြားခဲ့ပြီး အိုင်သပြုတိုက်နယ်ဆရာဝန်က ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူ များအား ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ စာရေးကွင်း ကျေးရွာ၊ ဣစ္ဆာသယကျောင်းတိုက်သို့ ရောက်ရှိ၍ ဒေသခံပြည်သူများ ဆက်သွယ်ရေးကွန်ယက် များ မပြတ်တောက်စေရေးအတွက် B2B satellite terminal အား Call on wheel (COW) ရွေ့လျားမိုဘိုင်းကားတွင် တပ်ဆင်ထားရှိပြီး ဖုန်းပြောခြင်းနှင့် data အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လေးမျက်နှာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆေးပေးခန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးခန်းဖွင့်လှစ်ထားရှိမှု၊ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့အား ကြည်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပါသည်။