ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်အောင်ခရိုင်အတွင်း ရေကာတာများကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက် မြန်အောင်တာ အရှေ့ဘက်ရှိ ကွန်ကရစ်ရေကာနံရံ အလျား(၂၆၅) ပေ၊ မြေပြင်အမြင့် ၅ပေ ၏ အရှေ့ဘက် ပေ(၈၀) ခန့်အကွာ ဆည်မြောင်းကမ်းနားတာ (တာဟောင်း)ကမ်းပြိုမှုသက်သာစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား မန်ကျီးစု ပန်းတာ အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၃၆၅)ပေရှိ ရေကာနံရံကြံ့ခိုင်မှု ကောင်းမွန်စေရန် သဲအိတ်များဖြင့် တာခြေထောက် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့အမှတ်(၃) ဈေးပိုင်းရပ်ကွက် ကမ်းနားတာ (တာဟောင်း)ကမ်းပြိုကမ်းစားကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကာတာများအား ရေကင်းများချ၍ စောင့်ကြပ် စစ်ဆေးရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်၊ ဧရာဝတီမြစ်ရေ မြင့်တက်လာချိန်တွင် ရေကျော်ဝင်မှုနှင့် ကမ်းပြိုကမ်းစားမှုများ မဖြစ်ပေါ်စေရေး၊ တာကြံ့ခိုင်မှုရှိစေရေးတို့အတွက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။