ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင်အလှူရှင်များက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
ပုသိမ် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတနာရှင် အလှူရှင်များမှ စုစုပေါင်း ဆန်အိတ် (၅၀၀)အိတ်အား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက ရေကျော်စီးဝင်ခဲ့မှုကြောင့် လူနေအဆောက်အဦများ ရေဝင်ရောက်မှု၊ လူနှင့် တိရစ္ဆာန်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားရှိမှု၊ ရေရှောင်စခန်းများဖွင့်လှစ်ထားရှိမှု၊ ထောက်ပံ့ပစ္စည်းများပေးအပ်မှု၊ စိတ်ဓာတ်မြှင့်တင်ရေးဆောင်ရွက်မှု၊ ငဝန်တာရေကျော်စီးဝင်မှုနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လုပ်ငန်းတိုးတက်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင် က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များလှူဒါန်းသည့် ဆန်အိတ်(၂၇၅)အိတ်၊ PRO-1 Global Home Center ကုမ္ပဏီမှ လှူဒါန်းသည့် ဆန်အိတ်(၁၀၀)အိတ်၊Yangon Crown ကုမ္ပဏီမှ လှူဒါန်းသည့် ဆန်အိတ်(၁၀၀)အိတ်၊ Ruby Empress ကုမ္ပဏီမှ လှူဒါန်းသည့် ဆန်အိတ်(၂၅)အိတ် စုစုပေါင်း ၅၀၀ အိတ်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Aung Oo Thar ကုမ္ပဏီလီမိတက်နှင့် GD Good Golden ထရေးဒင်း ကုမ္ပဏီလီမိတက်၏ ဧရာဝတီတိုင်းဒေသကြီးအရောင်းကိုယ်စားလှယ်များက စုပေါင်းလှူဒါန်းသည့် စားအုန်းဆီ ၅၀ ကျပ်သား ၅၀၀၀ ဗူး၊ Than Thar ကုမ္ပဏီလီမိတက်မှ လှူဒါန်းသည့် စားအုန်းဆီ ၅၀ ကျပ်သား ၄၅၀၀ ဗူးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။