ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

၂၀၂၆ ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ ဟင်္သာတမြို့ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်း ၁ မိုင် ၁ ဖာလုံမှ ၁ မိုင် ၇ ဖာလုံအထိ ၆ ဖာလုံအား လမ်းပုခုံးနှစ်ဖက် ကွန်ကရစ်ခင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်စေရေးအတွက် အေးမြသာယာရပ်ကွက်၊ အင်္ဂပိုလမ်း တစ်လျှောက်နှင့် မင်းရဲကျော်စွာလမ်း ခရိုင်အားကစားကွင်းတစ်လျှောက်ရှိ ရေမြောင်းများအတွင်း အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးတိုင်များရှိ အမြင်မတင့်တယ်သောကြိုးများ ရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ရေးမှာကြားခဲ့သည်။

14-Aug-2026