ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး မအူပင်တက္ကသိုလ်သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေးကွင်းဆင်းစစ်ဆေး
၂၀၂၆ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တာဝန် ရှိသူများလိုက်ပါ၍ မအူပင်တက္ကသိုလ်ဝန်း အတွင်းမပြင် သန့်ရှင်းသာယာ လှပစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုသည်။
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးနှင့်အဖွဲ့သည် မအူပင်တက္ကသိုလ်ဝန်းအရှေ့ လမ်းဘေးဝဲယာ တစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအားလည်းကောင်း၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး သစ်ပင်ကိုင်းများခုတ်ထွင်ရှင်းလင်းနေမှုများအားလည်း ကောင်း၊ အဝင်လမ်းပလပ်ဖောင်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စည်ပင်သာယာရေး ဝန်ကြီးဦးမောင်မောင်ဦးသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဆက်စပ်နေသည့် Zoology ဌာနမှ ငရှဉ့်စမ်းသပ် မွေးမြူ နေမှုများအားလည်းကောင်း၊ စပါးဖျက် ငမြှောင်တောင်ပိုး ကာကွယ် တားဆီးနိုင်ရေးစမ်းသပ် ဆောင်ရွက်နေမှုများအားလည်းကောင်းကြည့်ရှု အားပေးခဲ့ပြီး ဓမ္မဂုဏ်ရည်ကျောင်းတိုက်ဘေး ကွင်းဆင်းလမ်း ရေစီး ရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံတော်သမ္မ၏ မအူပင်ခရီးစဉ် လမ်းညွှန်ချက်အရ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ စည်ပင် သာယာရေးဝန်ကြီးမှ လိုအပ်သည်များအားလမ်းညွှန် မှာကြားခဲ့သည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်မင်း၊ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးနှင့် တာဝန်ရှိသူများ၊ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သက်ခိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးထူးကျော်နှင့် ခရိုင်အဆင့်တာဝန်ရှိ သူများ၊ မအူပင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဝင်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရသည်။