ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

၂၀၂၆ ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ အသောကာရာမပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လျက်ရှိပါကြောင်း၊ ကူညီကယ်ဆယ်ရေး‌ေဆာင်ရွက်‌နေကြသည့် ယာဉ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်သုံးဆီများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ရေပြန်ကျပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထား ပါကြောင်း၊ တာနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာပိတ်ဖို့ခြင်းလုပ်ငန်းပြီးစီးပါက ကျန်ရှိသည့်ရေများ အမြန်ဆုံးပြန်လည်ကျဆင်းရေးအတွက် ရေဆင်းလမ်းကြောင်းများရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်း အတူတကွကျော်ဖြတ်နိုင်မည် ဟုယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အကူအညီများကို တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားများနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွား စေရေး၊ အစာအဆိပ်သင့်မှုမဖြစ်‌စေရေး၊ မြွေအန္တရာယ်ကာကွယ်ရေးနှင့် တုတ်ကွေးကာကွယ်ဆေးထိုး ပေးမည့်အစီအစဉ်များကို အသိပညာပေးဟောပြောပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ဆီ၊ ရေသန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် လေးမျက်နှာမြို့နယ် ပညာရေးဌာနမိသားစုများနှင့် ရေဘေး သင့်ပြည်သူများအတွက် အင်္ဂပူမြို့နယ်ပညာရေးဌာနမိသားစုများက အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

13-Aug-2026