နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်ရိုက်ဦးဆောင်၍ ငဝန်တာ (ပန်းတောတမံ) အရေးပေါ်ပြုပြင်ရေးနှင့် Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်းများကို နေ့မနား ညမနား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

၂၀၂၆ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့သည့် အခြေအနေကို အချိန်မီပိတ်ဆို့ထိန်းချုပ်နိုင်ရေးအတွက် (၁) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအင်အား စုစုပေါင်း ၃၈၀ ဦး တို့သည် ရေနှင့်အပြိုင် အချိန်လုကာ ညီညီညာညာ တစ်စိတ်တစ်ဝမ်းတည်း ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်း မနားတမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။

(၂) ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် Sheet Pile စက်ယန္တရားကြီးများ ရိုက်သွင်းမှု အခြေအနေမှာ

တာတမံ ရေကျော်ဝင်ရောက်နေသည့် ပန်းတောတမံနေရာတွင် အရှည် ၁၂ မီတာ ရှိသော Steel Sheet Pile များကို အလျား ၈၉၀ ပေခန့် အုပ်မိုး၍ ရိုက်စိုက်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် အချိန်တိုအတွင်းပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ရိုက်သွင်းပြီးစီးမှုအခြေအနေ - စုစုပေါင်း ရိုက်သွင်းရမည့် သံချောင်း ၂၈၆ ချောင်းအနက် ယနေ့အထိ ၆၉ ချောင်း အောင်မြင်စွာ ရိုက်သွင်းပြီးစီးခဲ့ပြီး ကျန်ရှိသော Sheet Pile များကိုလည်း စက်ယန္တရားကြီးများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက်ရိုက်သွင်းလျက်ရှိသည်။

ညဘက် Welding ဆက်ခြင်းလုပ်ငန်းများ - လုပ်ငန်းခွင်အတွင်း ညပိုင်းတွင်လည်း မီးဆိုင်းကြီးများ ထွန်းညှိ၍ Steel Sheet Pile ၊များWelding လုပ်ငန်းစဉ်များကို ညဉ့်နက်တိုင်အောင် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

(၃) Geo Bag သဲအိတ်များ ဖိသိပ်ခြင်းနှင့် ရေတား/ရေကာနံရံများ တည်ဆောက်မှု

လုပ်ငန်းခွင်အတွင်းရှိ ပူးပေါင်းအင်အား ၃၈၀ ဦးတို့က စက်ယန္တရားကြီးများနှင့်အတူ သဲအပြည့် ဖြည့်ထားသော Geo Bag အိတ်ကြီးများနှင့် သဲအိတ်များကို ရေအောက်အုတ်မြစ်အထိ စနစ်တကျ သယ်ယူဖိသိပ်ချပေးခြင်း၊ တာတမံ နိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ်စီရီ၍ ရေကာ/ရေတားနံရံများ အရေးပေါ်တည်ဆောက်ခြင်းတို့ကို နေ့ရောညပါ အလှည့်ကျစနစ်တကျဆောင်ရွက်လျက်ရှိသည်။ စက်ယန္တရားကြီးများ အပြည့်အဝအသုံးပြုမှုနှင့် ဌာနပေါင်းစုံ/တပ်မတော်သားများ၏ ညီညွတ်သော အင်အားတို့ကြောင့် ငဝန်တာတမံ ရေကျော်မှုကို အမြန်ဆုံးခိုင်ခံ့စွာ ပိတ်ဆို့ထိန်းချုပ်နိုင်တော့မည်ဖြစ်ပါသည်။

12-Aug-2026