ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆွေးနွေး
၂၀၂၆ ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆွေးနွေးမှာကြားခဲ့သည်။
ဦးစွာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက်“ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းပံ့ပိုးကူညီကြရ မည်ဖြစ်ပါကြောင်း၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက ပြန်လည်စိုက်ပျိုး ရေးလုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သော စက်ယန္တရား များ၊ မျိုးစေ့နှင့် သွင်းအားစုများကို အသင့်စုဆောင်းပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကိုလည်း အမြန်ဆုံးဖွင့်လှစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ မူလတာဝန် များအပြင် ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက မိမိတို့၏ ကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။