ရေဘေးသင့်ဒေသများတွင် ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၆ ဩဂုတ် ၁၀

ရေဘေးသင့်ဒေသများတွင် ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်‌ရောက်ခဲ့ပြီး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက video conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး လမ်းညွှန်မှာကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပြီးနောက်“ ရေဘေးသင့်ဒေသများတွင် ရေပြန်လည်ကျဆင်းပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ဧကများတွင် စပါးပြန်လည် စိုက်ပျိုးမည်ဆိုပါက အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိရန်နှင့် မျိုးစေ့များနှင့် သွင်းအားစုလိုအပ်ချက်များအတွက်လည်း ကြိုတင်တွက်ချက် စုဆောင်းရမည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းချိန်တွင် စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ် တက်ရောက်နိုင်ရေး၊ ကျန်းမာရေး‌စောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကောင်းမွန်ရေး ကြိုတင်တွက်ချက်ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက မိမိတို့၏ ကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် စေတနာရှင်ပြည်သူများက လှူဒါန်းသည့်အလှူငွေများကို ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံခဲ့သည်။

10-Aug-2026