ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
၂၀၂၆ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီများမှ ဌာနဆိုင်ရာအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လ ၃၀ ရက်နေ့က လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကျော်စီးဝင်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအပြင် တာပြန်လည်ကောင်းမွန်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငဝန်ပန်းတာရေဝင်လမ်းအား Geo-bags အိတ်ကြီးများချခြင်း၊ ရေဝင်လမ်းအထက် ဝဲဘက်ခြမ်း၌ သဲအိတ်ငယ်အချို့ကိုချခြင်း၊ ရေဝင်ပေါက်ပိတ်ဆို့ရာတွင် သဲဖြည့်နှစ်မြှုပ်မည့် သံခွန် CB တွဲ (အရှည် ၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ၉ ပေ ထု)အား သဲဖြည့် မြှုပ်ချပြီး ရေဝင်ထိန်းကာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိခြင်း၊ ပန်းတာ၏လက်ယာ ဘက်ခြမ်း ရေတိုက်စားမှုမှကာကွယ်ရန် တုတ်တန်းများ အတွင်းသဲအိတ်များချပိတ်ပြီး ပန်းတာ ရေဝင်လမ်းကြောင်းအဝအနီး၌ သဲအိတ်များကိုသဲလှေတွဲလူအင်အားသုံး၍ အိတ်ချကာကွယ်ခြင်း၊ ပန်းတာ၏ လက်ဝဲ ဘက်ခြမ်း ရေတိုက်စားမှုမှကာကွယ်ရန်တုတ်တန်းရိုက်၍ သဲအိတ်ချခြင်း တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ နေ့မအားညမနား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများ ကိုလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အလှူရှင်များ လှူဒါန်းသည့် ပစ္စည်းများလက်ခံနိုင်ရေးနှင့် လိုအပ်သည့်နေရာများသို့စနစ်တကျ ရောက်ရှိစေရေး အတွက် လည်း တာဝန်ပေးအပ်ဆောင်ရွက်ထားပါကြောင်း၊ ရေဘေးနှင့်ပတ်သက်၍ ပြည်သူများ ထင်ယောင်ထင်မှား မဖြစ်စေရန် သတင်းမှန်ပြန်ကြားရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူ များက ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် စက်လှေများအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်စက်သုံးဆီများကို အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကိုလည်း အနီးစပ်ဆုံးနေရာသို့ ကြိုတင်ပို့ဆောင်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားကိုလည်း ကြိုတင်စုဆောင်းထားရှိရန် လိုအပ် မည်ဖြစ်ပါကြောင်းနှင့် ကျောင်း၊ ဆေးရုံများ ရေပြန်လည်ကျဆင်းချိန်တွင် အမြန်ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက လေးမျက်နှာမြို့နယ်၊ ငဝန်တာ(၂၅/၃)တွင် Steel Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရေပြန်လည်ကျဆင်းပါက ရေတွင်း၊ ရေကန်၊ စက်ရေတွင်းများ ဆေးကြောသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ ဝင်များ စုဖွဲ့မှုအခြေအနေများ၊ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်း စာရင်းများကောက်ယူ၍ ထောက်ပံ့ပေးအပ်မည့်အခြေအနေများ၊ လှူဒါန်းသည့်ပစ္စည်းများ လက်ခံ၊ ထုတ်ပေးနိုင်ရေးဆောင်ရွက်ထားမှုအခြေအနေများ၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ဝမ်းပျက်ဝမ်းလျှောမဖြစ်ပွားရေးနှင့် သောက်သုံးရေများ သန့်ရှင်းစေရေးအတွက် ရေသန့်ဆေးပြားများစုဆောင်ထားရှိမှုများ၊ ရေဘေးသင့်နေအိမ်များ လုံခြုံရေးအတွက် လုံခြုံရေးလှည့်လည်ဆောင်ရွက်မှုအခြေအနေများ၊ ဆက်သွယ်ရေးစနစ်မပြတ်တောက် စေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီတာများအစားထိုး လဲလှယ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေ များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ စာရေးကိရိယာပစ္စည်းများ အနီးဆုံးနေရာများသို့ ကြိုတင် ပို့ဆောင်ထားရှိမှုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ဝန်ကြီးများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေများပြန်လည်ကျဆင်းပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်လိုပါကြောင်းနှင့် သက်ဆိုင်ရာဌာနများကပူးပေါင်းဆောင်ရွက်သွားရန်” ဖြည့်စွက်မှာကြားသည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီး ဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက် ထောက်ပံ့ပေးအပ်မည့်ငွေများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့်အလှူငွေများကို ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။