၆-၈-၂၀၂၆ ရက်နေ့ ငဝန်တာ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းတွင် စက်လှေ ၁၃ စီး၊ တပ်မတော်၊ မီးသတ်နှင့် ဌာနဆိုင်ရာ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် နေ့မနား ညမနား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
၂၀၂၆ သြဂုတ် ၆
ငဝန်တာတမံ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောအတွင်းမှ ရေအောက်လှိုင်ခင်းပြီး ထူးပေါက် (Sand Boil/Piping) မှုကြောင့် မြေအောက်ရေစီးကြောင်းသန်ကာ တာတမံနိမ့်ကျဆုန့်ဝင်ပြီး ရေကျော်စီးဝင်မှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ စိမ့်ဝင်/ကျော်လွန်နေသော ရေစီးကြောင်းကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးနှင့် တာတမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်အတွက် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ အောက်ပါ အရေးပေါ်နည်းပညာဆိုင်ရာ တာပြန်စီးခြင်း လုပ်ငန်းများကို နေ့မနား ညမနား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
၁။ ထူးပေါက်ရာနေရာများအား Geo Bag များဖြင့် ရေအောက်ရေတား နံရံတည်ဆောက်ခြင်း
မြစ်ကျိုးအင်း သဲကြောမှ ရေစိမ့်ထွက်နေသည့် ထူးပေါက်နေရာများကို ရေစီးအား လျှော့ချနိုင်ရန်အတွက် သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်ကြီးများကို ရေယာဉ်များ၊ သဲစုပ်သင်္ဘောများနှင့် စက်ယန္တရားများ အသုံးပြု၍ စနစ်တကျ ရေအောက်အထိ ဖိသိပ်ချပေးခြင်း၊ ထိုးကျနေသည့် တာနိမ့်ပိုင်းများကို သဲအိတ်များဖြင့် အဆင့်ဆင့် ထပ်မံဖုံးအုပ်၍ အောက်ခံအုတ်မြစ် ခိုင်ခံ့အောင် ပြန်လည်ပြုပြင်လျက်ရှိသည်။
၂။ ရေကျော်စီးဆင်းမှုကို တားဆီးရန် တာမြှင့်ခြင်းနှင့် ရေကာနံရံများ စီရီခြင်း
တာနိမ့်ကျသွား၍ မြစ်ရေကျော်စီးဝင်နေသည့် တာတမံထိပ်ပြင်တစ်လျှောက် Geo Bag များနှင့် သဲအိတ်များကို အလွှာလိုက် စနစ်တကျ ထပ်ဆင့်စီရီကာ ရေကျော်ကာကွယ်ရေး တာမြှင့်ခြင်းလုပ်ငန်းများကို အချိန်နှင့်အမျှ လုပ်ဆောင်နေပါသည်။ ထို့အပြင် ရေစီးသန်သည့် အပေါက်များတွင် ရေစီးအားလျော့စေရန် ပိတောက်/သစ်လုံး ရေကာတားများ ရိုက်စိုက်၍ စက်ယန္တရားများဖြင့် သဲနှင့် ကျောက်ကြီးများ ဖြည့်တင်းပိတ်ဆို့နေပါသည်။
၃။ နေ့မနား ညမနား အနီးကပ် ကြီးကြပ်ဆောင်ရွက်ခြင်း
ရေဘေးအန္တရာယ်မှ စိုက်ပျိုးမြေများနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်များအတွင်း သို့ ရေထပ်မံမဝင်ရောက်နိုင်စေရန် တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများနှင့် အလုပ်သမားများသည် ရေအနက်နှင့် ရေစီးကြောင်းအခြေအနေကို စက်ယန္တရားများ၊ ရေယာဉ်များနှင့်အတူ အလှည့်ကျစနစ်ဖြင့် ၂၄ နာရီပတ်လုံး အချိန်လု၍ တာပြန်ပိတ်နိုင်ရေး အရှိန်အဟုန်မပျက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။