ကယ်ဆယ်ရေးဆောင်ရွက်စဉ် အသက်ကယ်ဝတ်စုံ (Life Jacket) မဖြစ်မနေ ဝတ်ဆင်ရေးဆိုင်ရာ မေတ္တာရပ်ခံခြင်း
၂၀၂၆ ခုနှစ် သြဂုတ် ၆
လက်ရှိဖြစ်ပေါ်နေသော ရေဘေးသင့်ဒေသများသို့ သွားရောက်၍ အသက်၊ ခန္ဓာနှင့် ပစ္စည်းဥစ္စာများကို စေတနာထက်သန်စွာဖြင့် ကူညီကယ်ဆယ်ရေး ပေးနေကြသော စေတနာရှင် ပြည်သူများနှင့် အသင်းအဖွဲ့များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်လှေ၊ လှေများဖြင့် ရေလမ်းကြောင်းအတိုင်း လှည့်လည် ကူညီကြသည့်အခါ မမျှော်မှန်းနိုင်သော ရေစီးကြောင်းအန္တရာယ်နှင့် လှေမှောက်ခြင်း၊ တိမ်းမှောက်ခြင်း အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ ကူညီရေးသွားရောက်ကြသူများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ် ဘေးကင်း လုံခြုံရေးအတွက် စက်လှေ/လှေများပေါ်သို့ မစီးနင်းမီ အသက်ကယ်ဝတ်စုံ (Life Jacket) များ ပြည့်စုံစွာ ဝတ်ဆင်ပြီးမှသာ လိုက်ပါစီးနင်းကြပါရန် အလေးအနက် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ မိမိကိုယ်တိုင် ဘေးကင်းလုံခြုံမှသာ ဒုက္ခရောက်နေသူများကို ထိရောက်စွာ ဆက်လက်ကူညီပေးနိုင်မည် ဖြစ်ပါသဖြင့် လုံခြုံရေး သတိထားကြပါရန် ထပ်လောင်းအသိပေးအပ်ပါသည်။