ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၄

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာသို့ ရောက်ရှိ၍ အိုင်သပြုကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီးနောက် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ငဝန်ရေကာတာ တာမိုင် ၂၅/၃ မိုင်တွင် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့ပါ‌ကြောင်း၊ ရေစီးကြောင်းအရှိန်လျော့ချ၍ ပိတ်ဖို့ဆောင်ရွက်နိုင်ရေးအတွက် ဝန်ရှိသူများအားလုံးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်ဖြစ်ပါ‌ကြောင်း၊ ပြည်သူများအ‌နေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်၍ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”ပြောကြားသည်။

ထို့နောက် ဧရာဝတီဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားများနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ကျန်းမာရေး ဆိုင်ရာ အသိပညာပေးပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများတွင် ရေဝင်ရောက်ချိန်မှ စတင်၍ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပရဟိတအဖွဲ့များ၊ တစ်ဦးချင်းအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များကလည်း ကွပ်ကဲရေးရုံးများနှင့် ချိတ်ဆက်၍ နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိ‌ကြောင်းသိရှိရပါသည်။

04-Aug-2026