ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်သည့် ပန်းတာအား သွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်သည့် ပန်းတာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရှေ့ဘက်တာဟောင်းမှ ရေလမ်းကြောင်းထိန်း တုတ်တန်းအပြီး သတ်ဆောင်ရွက်ပြီးစီးမှု၊ ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သော တိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပန်းတာရေဝင်ပေါက်ရေကာတုတ်တန်း လက်ဝဲ/လက်ယာ စတင်ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် ပစ္စည်းများစုဆောင်းထားရှိမှု၊ ရေနက်စီးကြောင်းပိတ်ဖို့ဟန့်တားရန်အတွက် Geo Bag အိတ်များ ချုပ်လုပ်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများတွင် ရေဝင်ရောက်ချိန်မှ စတင်၍ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပရဟိတအဖွဲ့များ၊ တစ်ဦးချင်းအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များကလည်း ကွပ်ကဲရေးရုံးများနှင့် ချိတ်ဆက်၍ နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရှိရပါသည်။