ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေး

ပုသိမ် ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဆန်ရိက္ခာအ‌ခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာကျောင်းတိုက် ဓမ္မာရုံသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ငဝန်ရေကာတာ တာမိုင် ၂၅/၃ မိုင်တွင် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့ပါ‌ကြောင်း၊ ရေစီးကြောင်းအရှိန်လျော့ချ၍ ပိတ်ဖို့ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအ‌နေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်၍ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”ပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားများနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ကျန်းမာရေးအသိပညာပေး ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

03-Aug-2026