လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ
၂၀၂၆ ခုနှစ် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူ များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ယမန်နေ့အထိ ရပ်ကွက်/ကျေး ရွာအုပ်စု(၁၀)ခုတွင် အိမ်ခြေ (၁၇၃၄)အိမ်၊ အိမ် ထောင်စု(၁၇၆၄)၊ လူဦးရေ ကျား/မစုစုပေါင်း (၈၃၈၂)ဦး ရေဘေးသင့်ခဲ့ကြောင်းနှင့်ကျေးရွာ အုပ်စု(၆) အုပ်စုတွင် တောင်သူပေါင်း (၂၅၉၃)ဦး ၏ မိုးစပါးစိုက်ဧက(၆၃၇၁)ဧက ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။
ထိုပြင် ရေးဘေးသင့် နွားအကောင်ရေ(၂၄၆) ကောင်၊ ဝက်(၃၆၉)ကောင်နှင့်ဆိတ်အကောင်ရေ (၁၂၀)တို့အား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားကြောင်းသိရသည်။ ရေဝင်ဧရိယာများ၌ကျန်ရှိနေသော ရေဘေးသင့်ပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ရေဘေးလွတ်ရာ နီးစပ်ရာကယ်ဆယ်ရေးစခန်းများသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီရွှေ့ ပြောင်းပေးလျက်ရှိပြီး စေတနာရှင်ပြည်သူများမှလည်း စားသောက်ကုန်များကို လာရောက်လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။