အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်သို့ လှည့်လည်ကြည့်ရှု၍ ရေဘေးရှောင်ပြည်သူများအား သွားရောက်ထောက်ပံ့
လေးမျက်နှာ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးအေးကျော်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ဇူလိုင်လ (၃၀) ရက်နေ့၌ ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့၊ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၉ ရွာရှိ အိမ်ခြေ ၁၇၃၄ လုံး၊ အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာဖိုးငွေ ကျပ် ၄၁.၉၁၀ သန်းနှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥနှင့် ရေသန့်စသည့် အခြေခံစားသောက်ကုန်များအတွက် တန်ဖိုးငွေ ကျပ် ၄၁.၆၅၁ သန်းကျော် ၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၈၃.၅၆၁ သန်းကျော်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများအားလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လေးမျက်နှာမြို့နယ်အတွင်း ငဝန်တာမိုင်တိုင်အမှတ် ၂၅/၃ ၌ သဲဗွက်တစ်ခု ဖြစ်ပွားခဲ့ရာမှ တာအလျားပေ ၃၀ ခန့်တွင် ၅ ပေ နိမ့်ဆင်းပြီး အကျယ် ၁၇၀ ပေ ကျိုးပေါက်ခဲ့မှုကြောင့် မြို့တွင်းရေဝင်ရောက်မှုအခြေအနေ၊ ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လေးမျက်နှာမြို့ပေါ် ရပ်ကွက် နေရာများတွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။