ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်ရေကာတာကျိုးပေါက်မှုနှင့်စပ်လျဉ်း၍ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာကျိုးပေါက်မှုနှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငဝန်ရေကာတာ တာမိုင် ၂၅/၃ အနီး၌ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် သဲဗွက်များဖြစ်ပေါ်လာသဖြင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သဲဗွက်များ ပိုမိုကျယ်ပြန့်လာပြီး မြစ်ရေတွန်းအားကြောင့် တာဘောင်ပေ ၂၀ ခန့် ကျိုးပေါက်ခဲ့သဖြင့် တာအတွင်းဘက်သို့ ရေဝင်ရောက်ခဲ့ကြောင်း၊ ထို့ပြင် တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်း၊ ရေပေါက်ပိတ်ဆို့ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ ဆန်ရိက္ခာ၊ ခေါက်ဆွဲခြောက်၊ အသက်ကယ်အင်္ကျီနှင့် လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် သက်ဆိုင်ရာကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို လျင်မြန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက တာအိတာလျောမှုနှင့် သဲဗွက်ဖြစ်ပေါ်မှုအခြေအနေ၊ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေး၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းထုတ်ပြန်ရေး၊ ကယ်ဆယ်ရေးပစ္စည်းစုဆောင်းဖြန့်ဖြူးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းသို့ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေနိုင်မည်ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

31-Jul-2026